ကျောင်းတော်ရာ

ကျောင်းတော်ရာ2ကျောင်းတော်ရာကို ဘုရားဖူးသွားမယ်…အောင်ကိုလတ်နဲ့တူတူကွယ်
မင်းဘူးခရိုင်…အပိုင်ပွင့်ဖြူ….စန္ဒကူးနံ့သာမွှေးလို့ကြူ…………….

ဆိုတဲ့သီချင်းလေးတော့ သိတဲ့လူသိပ်မရှိတော့ပါဘူး။
အရင်တုန်းက ၀ါတွင်းရောက်ပြီဆို ကျွန်တော်တို့ တစ်နယ်လုံးမှာ
ဒီသီချင်းသံကို အမြဲတမ်းကြားနေရတာ။
အခုလည်းကျောင်းတော်ရာဘုရားပွဲနီးလာပြန်ပြီလေ။
အောက်စာတွေက ရွာသားလေးဆီကကူးထားတာပါ။
……………………………………………………………………

.***ထူးဆန်းသော ဘုရားဖူးငါးကြီးများ***

***ထူးဆန်းသော ဘုရားဖူးငါးကြီးများ***

ဝါဆိုလပြည့်ကျော်(၁)ရက် နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ ၀ါတွင်းသုံးလတာ ကာလတွင် ရဟန်းသံဃာများသည် ရပ်ဝေးသို့ မသွားကြရပါ၊ သွားဖို့ကိစ္စများရှိနေပါက ၀ါပန်ပြီး သွားလာကြရပါသည်။ ဗုဒ္ဓဘာသာဝင် များအနေဖြင့်လည်း ဒီဝါတွင်းကာလတွင် ဥပုသ်သီလဆောက်တည်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပါသည်။ ၀ါတွင်းကာလသည်တနှစ်တာ၏ ထူးခြား ထူးမြတ်သောကာလဖြစ်ပါသည်။ ဤသို့ ထူးခြားချက်များအနက် မကွေးတိုင်း၊ ပွင့်ဖြူမြို့ နယ်၊ ကျောင်းတော်ရာ ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဘုရားဖူး၊ ဥပုသ်သီလ စောင့်ယူကြသော ငါးကြီးများသည် အံ့သြဆန်းပြားဖွယ် ဖြစ်ပါသည်။

ဤငါးကြီးများကို ၀ါဆိုလပြည့်နေ့တွင် ရဟန်းသံဃာများနှင့် လူကြီးများက မုန်းချောင်းနှင့် ဧရာဝတီမြစ် ဆုံရာဒေသတွင် သွားရောက်၍ ကြိုဆိုကြရပါသည်။ ကြိုဆိုကြသော မော်တော်ယာဉ်များ ရောက်၍ မောင်းထုလိုက်ပြီဆိုလျှင် ငါးကြီးများက သူတို့ကိုယ်လုံးကိုဖော်ပြ၍ ရောက်ရှိကြောင်း အချက်ပြပါသည်။ ငါးကြီးများရောက်ရှိကြောင်း သိရလျှင် ကြိုဆိုသော ယာဉ်များသည် ကျောင်းတော်ရာဘုရား အရှေ့ ဘက် (၅) ဖာလုံ အကွာရှိ မုန်းချောင်းတွင် ရှိသော ဘုရားဖူးငါးများ အစာကျွေးဆိပ်သို့ ပြန်လည်မောင်းနှင် ကြပါသည်။ ငါးကြီးများကလည်း မော်တော်ယာဉ် များနှင့် အတူ လိုက်ပါလာကြပါသည်။ ထို့ကြောင့် ၀ါတွင်းကာလတွင် ကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို ဘုရားဖူးလာကြရင်းနှင့် ငါးကြီးများအား အစာကျွေးသော ပရိတ်သတ်မှာ အလွန်များပြားစည်ကားလှပါသည်။ ဘုရားပရိတ်သတ်တို့သည် ကုန်းကြောင်းအပြင် မုန်းချောင်းအတွင်း ရေကြောင်းမှ လည်း လာရောက်ကြပါသည်။

ဘုရားငါးကြီးများသည် ကောင်အရေအတွက်အားဖြင့် မည်ရွေမည်မျှဟု ရေတွက် မရပါ များပြားလှပါသည်။ ယင်းငါးကြီးများသည် ၀ါထပ်ရက်များကိုသိရှိကြပါသည်။ ၀ါတွင်းကာလ၌သာ ဘုရားဖူးလာကြပါသည်။ ၀ါမထပ်လျှင် ပထမ ၀ါဆိုလပြည့်နေ့ရောက်၍ ၀ါထပ်လျှင် ဒုတိယ၀ါဆိုလပြည့်နေ့မှ ရောက်၍ သီတင်းကျွတ်လပြည့်ကျော်(၁) ရက်နေ့တွင် ပြန်ကြပါသည်။

၎င်းငါးများသည် အကိုင်လည်းခံပါသည်။ ပါးစပ်ထဲလက်သွင်း၍ အစာခွံလျှင် လက်နုတ်မှ အစာဝါးပါသည်။ ကလေး၊ လူကြီးများ ငါးစာကျွေရင်း ရေများနှင့် ခြေချော်၍ ငါးအုပ်ထဲကျသွားသော်လည်း မည်သို့ မျှအန္တရယ်မပြုပါ။ ဆူးတောင်များရုပ်ထား၍ သူတို့ကိုယ်လုံးများဖြင့် ခံထားတတ်ကြပါသည်။ အချို့ ပုဂ္ဂိုလ်များသည် ရေခါးလောက် နက်သည့် တိုင်အောင်ဆင်း၍ ငါးအုပ်ထဲ တွင် အစာကျွေးကြပါသည်။ အချို့ ငါးပေါသော အောက်ပြေအောက်ရွာဒေသနေ ပုဂ္ဂိုလ်များ နှင့် နိုင်ငံခြားသားတို့သည် ရေရှင်၌ ၀ါ- စီးဆင်းနေသော မြစ်ချောင်းတွင်း၌ နေသော ငါးများအားခေါ်၍ အစာကျွေးလို့ရသည်။ အချိန်မှန်မှန် ၀ါတွင်းကိုသိ၍ လာသည်ဆိုခြင်းကို မယုံ၍ ကိုယ်တိုင်လာရောက်ပြီးလေ့လာ ကြရာတွင် တွေ့မြင်သွားမှ ယုံကြည်သွားကြလေသည်။

ရှေးမြန်မာဘုရင်များလက်ထက်အခါက ဘုရားဆရာတော်သည် ဘုရားကြီးများအနက် ငါးကြီးတစ်ကောင်အား ဦးခေါင်းတွင် ရွှေချလွှတ်လိုက်ရာ နှစ်ပေါင်းအတန်ကြာ ဆက်၍ ပါလာသည်ကို တွေ့မြင်ကြရပါသည်။

ယင်းငါးများသည် ရှေးအခါက ၄င်းတို့ ၀င်ချိန် ထွက်ချိန်တွင် မုန်းချောင်း အတွင်း ငါးဖမ်းပိုက်များချထားလျှင် ဘုရားဆရာတော်ထံ အိပ်မက်ပေး၏။ ထိုအခါ ဆရာတော်သည် လှေနှင့် စုန်ဆင်း၍ ပိုက်များကို ရှင်းလင်းဖယ်ရှားပေးရပါသည်။

ယင်းငါးကြီးများသည် အမျိုးအစားအားဖြင့် ငါးထွေများဟု ခေါ်ဝေါ်ကြပါသည်။ သို့သော် မြစ်ထဲမှ ရိုးရိုးငါးထွေများနှင့် မတူပါ၊ ယခုငါးများမှာ ဦးခေါင်းရှည်၏၊ ညှီစော်မနံ၊ အခြားမျိုးကွဲ ငါးများ လုံးမပါဝင်ပေ၊ အရောင်အဆင်း ဆွတ်ဆွတ်ဖြူ၏။ ( ကြွေရောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော ငါးတစ်ကောင်ပင် ပါဝင်၏။) ယင်းဘုရားငါးများသည် အချိန်အခါကို သိ၍လာပြီး ဘုရားကမ်းဘက်မှာသာ အစာစားကြပါသည်။ ဘုရားငါးများကို မဖမ်း မသတ်ဝံ့ကြပါ ( သတ်မိလျှင် ဒုက္ခရောက်ကြရ၏) တံငါသည်များပင် ဘုရားငါးမိလျှင် ပြန်လွှတ်ကြပါသည်။ အလွှတ်လျှင် မွဲတေ ဒုက္ခရောက်၏ဟု အယူရှိကြပါသည်။ တကယ် ဆင်းရဲ မွဲတေ၍ အသေဆိုးနှင့် သေကြသော သူများလည်းရှိခဲ့ကြပါသည်။

ယင်းငါးကြီးများသည် မည်သည့်ဒေသကလာလို့ မည်သည့်ဒေသသို့ ပြန်သည် မည်သည့်ဒေသတွင်နေထိုင်သည်ကို မည်သူတစ်ဦးကမှ မသိရှိပေ။ ၀ါတွင်းကာလတွင် ကျောင်းတော်ရာ ဘုရား၌သာ ရှိကြပြီး ပြန်သွားသောအခါ မြန်မာတပြည်လုံး မည်သည့် နေရာမှ မပေါ် မတွေ့ ရတော့ပါ။

အချို့ သုတေသီပုဂ္ဂိုလ်များတို့သည် ရွှေစာရံဘုရား၊ ရွှေအင်းတော်ဘုရားများ၌ ၄င်းငါးကြီးများ ပေါ်သည်ကြား၍ သွားရောက်လေ့လာကြရာ ထိုငါးများသည် ငါးမြင်း၊ ငါးတန်၊ ရိုးရိုးမြစ်ငါးများသာဖြစ်ကြ၍ ငါးစုံ ရောနှောပေါ်ကြောင်း သိခဲ့ရပြီး ဤကျောင်းတော်ရာငါးများ နှင့် လုံးဝမတူကြောင်းသိခဲ့ကြရပါသည်။

မည်သည့်ကာလ မည်သည့် အချိန်မှ စ ၍ ဤငါးများလာကြသည်ဟု မည်သူတဦးတယောက် ကမျှ မပြောနိုင်သောကြောင့် ဘုရားကြွစဉ် အချိန်နှင့် တပါးတည်း ငါးများပါ ဘုရားဖူးလာကြသည်ဟု ယူဆရန် ရှိနေလေတော့သည်။

ဤကဲ့သို့ ရေရှင် ၀ါ- စီးဆင်းနေသော ရေ၌နေသော ဟိတ်တိရစ္ဆာန် ငါးသတ္တ၀ါများသည်ပင် အချိန်မှန်မှန်လာ ၍ ၀ါတွင်းကာလ ဘုရားဖူးကြခြင်းမှာ မြန်မာပြည်တွင် ဤကျောင်းတော်ရာ စန္ဒကူးနံ့သာစေတီတော်ကြီး တဆူသာ ရှိနေသောကြောင့် အလွန်ထူးခြားလွန်ကဲ ၍ တန်းခိုးတော်ကြီးမြတ်သော ဘုရားတစ်ဆူပင်ဖြစ်ပါတော့သည်။

.
ဘုရားဖူးငါးများ၏ ထူခြားမှုအဖြာဖြာ အံ့ဖွယ်ရာ
.

၁။ နှစ်စဉ်နှစ်တိုင်း ၀ါထပ်၊ မထပ်ကို သိ၍ ၀ါဆိုလပြည့်မှာသာ လာရောက်ကြ ၍ ၀ါကျွတ်မှ ပြန်ကြခြင်း။

၂။ မုန့်၊ ဖွဲ့နု၊ ပေါက်ပေါက်ဆုပ် စသော အသက်လွတ် အစားအစာများကိုသာ ကျွေးရခြင်း။

၃။ မုန်းချောင်းအတွင်း ဘုရားဘက်ကမ်းမှ သာ အစာကျွေးရခြင်း။

၎။ မြစ်၊ ချောင်းတွင်းနေသော ငါးများဖြစ်သော်လဲ လူများကိုင်တွယ်ပွေ့ဖက် ၍ရခြင်း။

၅။ လူများငါးအုပ်တွင်းကျသွားသော်လည်း လုံးဝ အန္တရာယ်မပြုခြင်း။

၆။ ကျွေသားကဲ့သို့ လုံးဝဖြူဆွတ်နေသော ငါးများပင် ပါဝင်ကြလျက် အညှီနံ့ မရှိခြင်း၊ အခြားမျိုးကွဲငါးများလုံးဝ မပါခြင်း။

၇။ မည်သည့် ခုနှစ်ကာလက မည်သည့်အရပ်ကလာသည်ဟု မည်သူမျှ မပြောနိုင်ခြင်း။

၈။ ထို့ကြောင့် ဘုရားရှင်သည် ဤအရပ် စန္ဒကူုးနံ့သာကျောင်းတော်ကို ၀ါတွင်းကာလ၌ ရဟန္တာငါးရာနှင့် ကြွရောက်၍ (၇) ရက်သီတင်းသုံး၍ သတ္တ၀ါများအားတရားဟောချွေချွတ်သည်ဟု ကျမ်းဂန်မှာ ပါရှိသောကြောင့် ၀ါတွင်းကာလခြင်းတူနေသဖြင့် ဘုရားရှင်လက်ထက်ကတဲက လာနေကြသည်ဟု ယူဆရန်ရှိပေတော့သည်။

၉။ သို့အတွက် ဤကျောင်းတော်ရားဘုရား၏ တန်ခိုးတော်နှင့် ဘုရားငါးများ၏ ထူးဆန်းမှုတို့ ကား အံ့သြဖွယ်ရာများသာဖြစ်ပါတော့သည်။

.
“ဘုရားဖူးငါးများကို ဤသို့ယူဆနိုင်စရာ”

ငါးများလာခြင်းသည် ၀ါတွင်းကာလဖြစ်ပြီး ကျောင်းတော်ရာစန္ဒကူးနံ့သာ ကျောင်းတော်ကြီး ဖြစ်ပေါ်ခြင်း၊ မြတ်စွာဘုရား သီတင်းသုံးတော်မူခြင်းကလည်း ၀ါတွင်းကာလဖြစ်သောကြောင့် အဌကထာများလာ စကားအရ ကျောင်းတော်ဆောက်ရန် စန္ဒကူးနံ့သာသစ်များကို စန္ဒကူးတောမှ ခုတ်ယူပြီး စူဠပုဏ္ဏသူကြွယ် အမှုးပြုသော ကုန်သည်ငါးရာတို့သည် ရွက်သင်္ဘောဖြင့် သယ်ဆောင်ခဲ့ကြသောကြောင့် ကျွန်းစောင့်နတ်ဘီလူးများသည် အမျက်ထွက် သဖြင့် ဖျက်ဆီးရန်လိုက်၍ နှောက်ယှက်ကြရာတွင် မဟာပုဏ္ဏရဟန္တာ အရှင်မြတ်၏ တန်ခိုးတော်ကြောင့် ၄င်းနတ်ဘီးလူးတို့၏ အကြံသည် မအောင်မြင်ဘဲ လက်လွှက် လိုက်ရကြောင်း ပါရှိလေသည်။

ထို့ကြောင့် အဘိဓမ္မာ ဒေသနာတော်လာ ကံ ကမ္မနိမိတ် သဘောအရ နတ်ဘီးလူးတို့သည် စုတေစိတ် ကျခါနီး အခါတွင် သယ်ဆောင်ယူသွားခြင်း ခံရသော ၄င်းတို့၏ စန္ဒကူးသစ်များကို အာရုံစွဲ၍ စုတေစိတ်ကျ သောကြောင့် ၄င်းတို့၏ စန္ဒကူးသစ်များရှိရာ ကျောင်းတော်ရာဌာနသို့ လိုက်ပါခြင်းများ ဖြစ်လေမလားဟု ယူဆစရာ အကြောင်း ရှိပေသည်။

မှတ်ချက်။ ။ ကျမ်းလာစကား တိုက်ရိုက်မရှိ၍ တထစ်ချမဆိုနိုင်ပါ။ ယူဆချက်များသာဖြစ်ပါသည်။

ကျေးဇူးတင်ချင်ရင် ရွာသားလေးကိုပဲတင်ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s